Wednesday, January 1, 2014

မေ့နေဆဲပါ နှစ်သစ်ရာ

နှစ်သစ်ကို အရက်သောက် ၍ ကြိုကြသည်။ ဘီယာသောက်၍ ကြိုကြသည်။ ကြိုက်လျှင် ကြိုက်သလောက် သောက်နိုင်ပါသည်။ နှစ်သစ် ကို အကြောင်းပြ မူးရစ်သေစာ နှင့် ကြိုခြင်းကို မကြိုက်လှပေ။ မကြိုက်သော်လည်းမတတ်နိုင်။ အရက်နှင့် ကြိုလျှင်ကား အရက်မူး သော နှစ်သစ်ပင် ရပါလိမ့်မည်။ ဦးလှမောင်ရွှေ ဦးရဲ ထွဋ် တို့လို ပြည်သူ့ဝန်ထမ်များက လည်း မင်္ဂလာပါဟု ကြိုကြပြန်သည်။ မခိုးတော့ပါ မလုတော့ပါ အာဏာ ကို အလွဲသုံးခြင်းမပြုတော့ပါ၊ အဂတိ လိုက်စားခြင်းရှောင်ကြဉ်ပါမည်ဟု နိုင်ငံတော် အကြီးအကဲများနှင့် ၀န်ထမ်းများက ကြိုသင့်သည်။ ပြည်သူများကလည်း စည်းကမ်းလိုက်နာ ပါမည်ဟု ကြိုသင့်သည်။ နေမြဲတိုင်း နေ ၊အရင်အတိုင်းလုပ်ချင်ရာဆက်လုပ်ပြီး ကြိုနေသူက များပဲ များနိုင်လွန်းသည်။ နှစ်သစ်ကလည်း မည်သို့ပင်ကြိုကြို ကိစ္စ မရှိ။ မကောင်းသူထိပ် ကောင်းသူထိပ် ။ ၂၀၁၄ တွင်လည်း ယက်သဲ့ကြား ငါးတင် တင်သည့်ငါး ကြောင်စားလိမ့် ဦးမည်။ ကိုယ်ထင်ရာ ကိုယ်လုပ်ကြဦးမည်။ ကိုယ်မကောင်းရင် ကိုယ်ခံ။ ဘယ်သူမှ မကယ်နိုင်။ ကယ်မည့်သူ မရှိ ၊ တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ကြီးလည်း မကယ်နိုင်ချေ။ နိုင်ငံနှင့် တစ်ဝှန်း နှစ်သစ်ကို ပုံစံအမျိုးမျိုးနှင့် ကြိုကြသည်။ တစ်ချို့ နှစ်ကူးသည်ကိုပင် မသိလိုက်ချေ၊ သိစရာလည်း မလို။ စားဝတ်နေရေး ဒုက္ခ ထဲတွင် တ၀ဲဝဲလည်နေသည်။ တစ်ချို့ကား ခရစ်နှစ်ကူးတော့လည်းသောက်သည်။ မြန်မာနှစ်ကူတော့လည်း ပါ၏။ ကရင်နှစ်ကူး ပြန်တော့ ၀င် ရောက်ဆင်နွဲ၊ တရုပ်နှစ်ကူးလား မေးရန်မလို ထိပ်ဆုံးက၊ ကုလား အစ် ပြန်တော အဘာဘာ ဘားဘား၊ ကထိန်လည်းအလွတ်မပေး၊ ဒေပါဝလီ ဆိုတော့ မနေသာ။ သောက်မြဲ၊ ခိုးမြဲ၊ လိမ်မြဲ၊ အဂတိလိုက်စားမြဲ၊ အလေးခိုးမြဲ၊ အရည်သွေးညံ့ ပစ္စည်းရောမြဲ၊ ချောက်စား ဟောက်စားပြုမြဲ၊ ခရိုနီ ၀ါ ပြာများကလည်း လယ်ယာမြေ များ ပြန်မပေးရရေးကြိုးစားမြဲ၊ တရုပ်ကလည်း မြစ်ဆုံ ကို အချောင်ရရေး စဉ်းစားမြဲ။ ဘယ်လိုကြိုလျှင် မည်သို့ ကြိုလျှင် မင်္ဂလာရှိသော နှစ်သစ်ဖြစ်မည်ကို မသိမဟုတ် သိကြပါသည်။ သို့သော် မေ့ချင်ဟန်ဆောင်နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ သည့် ခင်ဗျားတို့ ရဲ စောက်ကျင့်တွေ အကျင့်ဆိုးတွေ ပြင်ဖို့ သည်နေရာက ပြောလိုက်ချင်ပါတယ်ဆိုတာ ကိုတော့ မေ့ကောင်းကောင်းနှင့် မေ့နေဆဲ။
 
ကိုဧည့်သည်

No comments:

Post a Comment