Tuesday, July 2, 2013

မတရားအနိုင်ကျင့်နေပါတယ် ။ ကူညီပေးပါ

သို့

ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ
နိုင်ငံတော် သမ္မတရုံး
နေပြည်တော်

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေး ဦးစီးချုပ်ရုံး
နေပြည်တော်



သူရ ဦးရွှေမန်း
ဥက္ကဌ
ပြည်သူ့လွှတ်တော်

နေ့စွဲ။ ။ ၂.၇.၂၀၁၃
အကြောင်းအရာ ။ ။ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပြီးစီးခြင်း မရှိသ၍ ကျောက်တိုင်စိုက်ခြင်း
သွပ်စူးကြိုးကာရံခြင်း မပြုလုပ်ပါရန်
အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ ကျွန်တော်များသည် နေပြည်တော်ကောင်စီနယ်မြေ ၊ ဒက္ခိဏ သီရိမြို့နယ် ၊ ဂူနှစ်လုံး ဆည်စု ကျေးရွာ အုပ်စုအတွင်းရှိ ပိတောက်ကုန်းကျေးရွာ နှင့် မကျည်းကုန်းကျေးရွာများ မှ တောင်သူများ ဖြစ်ပါသည်။ ကျွန်တော်တို့၏ မိဘစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော လယ်ယာမြေများကို ၂၀၁၀ ခုနှစ်တွင် ကာကွယ်ရေး ၀န်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏ ဇနီး ဒေါ်ဆွေဆွေဦးမှ သိမ်းဆည်းရယူသွားခဲ့ပါသည်။ ကျွန်တော်တို့၏ ဖြစ်စဉ်များကို နိုင်ငံတော်သမ္မတ နှင့်တကွ နိုင်ငံရေးရာ တာဝန်ရှိသူ အသီးသီးထံသို့ တင်ပြထားပြီးလည်း ဖြစ်ပါသည်။ မြေယာသိမ်းဆည်းမှုများ စုံစမ်းရေးကော်မရှင် ထံသို့လည်း တင်ပြထားပြီး ဖြစ်ပါသည်။ မည်သို့ပင် တင်ပြတိုင်ကြားစေကာမူ ကျွန်တော်များ၏ အခက်အခဲကို ကူညီဖြေရှင်းပေးမည့် နိုင်ငံရေးရာ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ ပေါ်မလာခဲ့ပါ။ ပြဿနာကို ညှိနှိုင်းဖြေရှင်း ပေးခြင်းမျိုးလည်း မရှိခဲ့ပါ။
ကျွန်တော်များသည် မိဘစဉ်ဆက် နှစ်ပေါင်း(၃၀)ထက်မနည်း လက်ရှိမြေပေါ်တွင် လုပ်ကိုင်စား သောက်ခဲ့ကြသူများဖြစ်ပါသည်။ ထိုသို့လုပ်ကိုင်နေဆဲမှာပင် ၂၀၁၀ ခုနှစ်အတွင်း တောအုပ်ဦးသိန်းဟန်ဆိုသူမှ သစ်တောမြေဖြစ်သည် ဟုဆိုကာ ဗိုလ်ချုပ်ဝေလွင်၏ ဇနီးဒေါ်ဆွေဆွေဦးအတွက် သိမ်းဆည်းရယူ သွားခြင်းဖြစ်ပါသည်။ စစ်တပ်အင်အားကို အသုံးပြု၍ သိမ်းဆည်းရယူခြင်းဖြစ်ပြီး ကျွန်တော်တို့၏ တဲများကိုပင် ဖျက်ဆီးဖယ်ရှားပစ်ခြင်းကြောင့် ကိုယ့်မြေကိုယ့်ယာပေါ်မှ လက်လွတ်ခွက်ချွတ်ဖယ်ရှားပေးခဲ့ရပါသည်။
လက်ရှိ နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဖြစ်ရာ ကျွန်တော်တို့၏ လယ်ယာမြေများအား ထိုသို့ လက်လွတ်ခွက်ချွတ် သိမ်းဆည်းခြင်း သည် မတရားမှုဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်မိပါသည်။ ထို့အတွက် ပြေလည်ရာ ပြေလည်ကြောင်း ဖြေရှင်းပေးနိုင်ရေး နိုင်ငံတော် အကြီးအကဲများထံ အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။
ထိုသို့တိုင်ကြားမှုများ လုပ်ကိုင်ခဲ့ရာ ၂၀၁၂ခုနှစ်တွင် တောင်သူများကို ဒက္ခိဏမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ခေါ်ယူ၍ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဗိုလ်မှူးများက ညှိနှိုင်းပြောဆိုခြင်းမျိုးမဟုတ်ဘဲ ခြိမ်းခြောက်မှုများဖြင့် တောင်သူများကို အဓမ္မညှိနှိုင်းခဲ့ပါသည်။ ကျွန်တော်တို့လုပ်ကိုင်စားသောက်နေသော လယ်ယာမြေများအတွက် လယ်မြေတစ်ဧကလျှင် (၂)သိန်း နှုန်း ပေးခဲ့ပါသည်။ ယာမြေများအတွက် တစ်ပြားတစ်ချပ်မှ ပေးချေခြင်း မရှိခဲ့ ပါ။ တောင်သူအများစုမှာ ယာမြေသာရှိ၍ လယ်မြေပါရှိသူမှာ အနည်းငယ်သာဖြစ်ပါသည်။ ထိုသို့ လယ်မြေ တစ်ဧကလျှင် (၂)သိန်းနှုန်းဖြင့် ပေးချေခြင်းသည်လည်း လျော်ကြေးပေးခြင်း မဟုတ်ဘဲ ဗိုလ်ချုပ်ဝေလွင်၏ စေတနာ အလျှောက် မုန့်ဖိုးပေးခြင်း ဖြစ်ကြောင်းဖြင့် ဒက္ခိဏမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးနှင့် ဗိုလ်မှူးများက ပြောဆိုခဲ့ပါသည်။ တောင်သူအများစုက မယူနိုင်ကြောင်း ဆိုသော်လည်း “ယူလည်း အဆုံး ၊ မယူလည်း အဆုံး” ဟု ဆိုသဖြင့် လယ်မြေပါရှိသူ လယ်သမားများ လက်ခံရရှိခဲ့ပါသည်။ လယ်မြေမပါရှိသော ကျန်တောင်သူများ ငွေတပြားတချပ်မျှ မရခဲ့ပါ။
ကျွန်တော်တို့တောင်သူများသည် ဒီမိုကရေစီခေတ် ရောက်ခါမှ မတရားမှုတစ်ခုကို ခံနေကြရသည်ဖြစ် ရာ ကျွန်တော်တို့၏ လယ်ယာမြေများ ပြန်လည်ရရှိရေး အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါသည်။ နိုင်ငံအဝှမ်း မြေယာပြဿနာများကို လိုက်လံစစ်ဆေးလျှက်ရှိပြီး ကျွန်တော်တို့၏ မြေယာပြဿနာကိုလည်း စစ်ဆေး ဖြေရှင်းပေးနိုး မျှော်ကိုးခဲ့ပါသည်။ ၂၀၁၃ ခုနှစ် မတ်လတွင် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ ကျွန်တော် တို့၏ ဖြစ်စဉ်များကို လာရောက်သုံးသပ် တင်ပြသွားခဲ့ပါသည်။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်ခဲ့သော အခြေအနေ ၊ ဗိုလ်ချုပ်ဝေလွင်၏ ဇနီး ဒေါ်ဆွေဆွေဦး သိမ်းဆည်းရယူသွားပုံ ၊ သုံးသပ်တင်ပြချက် နှင့် ရေးသား ပြုစားထားသော စာတမ်းကိုလည်း နိုင်ငံတော် အကြီးအကဲများထံ ကျွန်တော်တို့ ပေးပို့ခဲ့ပါသည်။
ထိုသို့ နိုင်ငံတော် လူကြီးမင်းများထံ အသိပေးအကြောင်းကြားပြီး မြေယာသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်ထံသို့ ကျွန်တော်တို့ တောင်သူများကိုယ်တိုင် သွားရောက်တင်ပြခဲ့သော်လည်း လာရောက်စစ်ဆေး ပေးခြင်း မရှိပါ။ သို့ဖြစ်၍ ကျွန်တော်များသည် ကျွန်တော်များ ယခင်လုပ်ကိုင်ခဲ့ရာ လယ်ယာမြေများတွင် ပြန် လည်ဝင်ရောက် လုပ်ကိုင်ခြင်း အလုပ်ကို လုပ်ခဲ့ပါသည်။
စတင်ဝင်ရောက်လုပ်ကိုင်မည့် အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကို အသိပေးစာဖြင့် တင်ပြခဲ့ပါသည်။ မြို့နယ် မြေယာကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးသည် ကျွန်တော်တို့ တောင်သူများတင်ပြသော အသိပေးစာကိုပင် ပြန်လည်ကိုးကား၍ ကျွန်တော်များအား ပြန်လည်ချုပ်ကိုင်ကာ ဒေါ်ဆွေဆွေဦး၏ ပိုင်နက်မှ ထွက်ပေးရန်ဟု ဆိုလာပါသည်။ မြို့နယ် အုပ်ချုပ်ရေး နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှ အစဉ်သဖြင့် ပြောဆိုနေသည်မှာ သစ်တောမြေဖြစ်သဖြင့် သစ်တောဌာနမှ ချထားပေး သည့်သူသာ ရရှိမည်ဟု ဖြစ်ပါသည်။ ကျွန်တော်များမှာ ဒီလယ်ယာမြေပေါ်တွင် ဆင်းရဲဒုက္ခခံ၍ လုပ်ကိုင်ခဲ့ကြ သူများဖြစ်ပါသည်။ ဒေါ်ဆွေဆွေဦးမှာ မိုးကျရွှေကိုယ် နေပြည်တော်ကြီး ဟီးဟီးထမှ မျက်စိကျ၍ ကျွန်တော်များ အားမောင်းထုတ်ရန် ကြံစည်၍ အပိုင်သိမ်းယူလိုခြင်း ဖြစ်ပါသည်။
အထက်ပါ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ပေးပို့သော စာကို တောင်သူများအားပေးပါဟု ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တောင်းခံရာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဖတ်ကြားပြသပြီး စာရွက်ကို မပေးနိုင်ကြောင်း ပြောပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးမှ ကျွန်တော်များ ၀င်ရောက်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း တင်ပြစာကို ကိုးကား၍ တောင်သူများအား ပြန်လည်ချုပ်ကိုင်ရာတွင် ကျွန်တော်များ၏ နစ်နာမှုကို လျစ်လျှူရှု၍ ဒေါ်ဆွေဆွေဦး၏ အပိုင်မြေအတွင်းမှ ဖယ်ရှားပေးရန်သာ အဓိက ရည်ညွှန်းပြောဆိုပါသည်။ ကျွန်တော်တို့တောင်သူများသည် အထက်အုပ်ချုပ်ရေး၏ ကူညီဖေးမမှုကိုလည်း မရ ၊ အောက်ခြေအုပ်ချုပ်ရေး ၏ အဓမ္မဖယ်ရှားခိုင်းခြင်း ဖြင့်သာ ရင်ဆိုင်နေရပါသည်။
ကျွန်တော်တို့တောင်သူများအနေဖြင့် အခွန်ထမ်း ပြည်သူ ၊ ဗိုလ်ချုပ်ကြီး ဝေလွင်ဟူသည် နိုင်ငံတော် ၏ အဆင့်မြင့်ရာထူးဟု ဆိုအပ်သော ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဖြစ်သည်။ ပြည်သူ့ဘဏ္ဍာစား နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ဇနီးမှ ပြည်သူအပေါ် မဟားတရား လုပ်နေသည်မှာ ပို၍ ခံပြင်းစရာ ကောင်းလှပါသည်။ ဒေါ်ဆွေဆွေဦး အပိုင်ဟု ဆိုကာ ထိန်းသိမ်းစောင့်ရှောက်ပေးနေကြသူများမှာလည်း တပ်မတော်သားဖြစ်ပါ သည်။ တပ်မတော်သားများသည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ကြမှာလား။ ဒေါ်ဆွေဆွေဦး အကျိုးစီး ပွားအတွက် တာဝန်ထမ်းဆောင်နေကြတာလား မေးမြန်းဖွယ်ဖြစ်လာပါသည်။
ကျွန်တော်များ ပြန်လည်ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး မကြာမီမှာပင် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ ခေါ်ယူ၍ အနီးပတ်ဝန်းကျင်တွင် လျော်ကြေးပေးသည့်ပုံစံအတိုင်း လက်ခံကြရန်ဟု ညှိနှိုင်းပါသည်။ ကျွန်တော် များမှာ မိမိတို့လယ်ယာမြေကို တန်ဖိုးမဖြတ်နိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ တောင်သူဦးစိမ်းမှ ယာမြေတစ်ဧက အတွက် (၁၀)သိန်း ၊ လယ်မြေတစ်ဧကအတွက်(၁၅)သိန်းနှုန်းလောက်ဖြင့် ပေးချေလျှင် သင့်လျှော်ပါမည်ဟု တင်ပြသွားသည်။ သိမ်းဆည်းသူ ကာယကံရှင်မပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ ခေါ်ယူညှိနှိုင်းနေခြင်းသာ ဖြစ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျွန်တော်တို့တောင်သူများအတွက် နှစ်ဖက်ကြားမှ ဆောင်ရွက်ပေးရာ တွင် အနီးပတ်ဝန်းကျင်မှ ကုမ္ပဏီများ ပေးလျော်သွားသည့် ပုံစံထက် ပို၍ သူ့အနေဖြင့် တင်ပြပေးနိုင်မည် မဟုတ်ကြောင်း ဆိုပါသည်။
ထို့နောက် အမည်မသိ အဖွဲ့အစည်းတစ်ခုက ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ညှိနှိုင်းကာ ဆည်စုကျေး ရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ တောင်သူများအား ခေါ်ယူ၍ ညှိနှိုင်းပြန်ပါသည်။ ချော့တစ်ခါ ခြောက်တစ် လှည့်ဖြင့် တောင်သူများနှင့် ပြေလည်မှုမရရှိခဲ့ပါ။ ထိုသူများ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ကျေးရွာအုပ်ချုပ် ရေးမှူးများအား မေးမြန်းရာတွင် ၎င်းတို့ကိုယ်တိုင် မသိရှိကြောင်း ပြောပါသည်။
ယခုနောက်ဆုံးအနေဖြင့် ၃၀.၆.၂၀၁၃ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးမှ ၎င်း၏ နေအိမ်သို့ တောင်သူများအား ခေါ်ယူတွေ့ဆုံပြန်ပါသည်။ မြို့နယ်မြေယာစီမံခန့်ခွဲရေး ဥက္ကဌ ဦးဝေလွင်ဖြိုးမှ ရပ်ကျေးမြေယာစီမံခန့်ခွဲရေး ဥက္ကဌ သူ့ထံသို့ ညွှန်ကြားစာ ပေးပို့လာကြောင်း ၊ ဒေါ်ဆွေဆွေဦးအား လုပ်ပိုင်ခွင့် ချပေးထားသည့် ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်သူများ ရှိ/မရှိ တင်ပြရန် နှင့် ခြံစည်းရိုး ကွန်ကရစ်တိုင် စိုက်ခြင်း ၊ သွပ်စူးကြိုးကာခြင်း လုပ်ငန်းများကို နှောက်ယှက်ဟန့်တားခြင်း မပြုရန်ဟု အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး ၏ ပြောကြားချက်အရ သိရပါသည်။ ထိုစာကို အကြောင်းပြု၍ ကျွန်တော်တို့တောင်သူများအနေဖြင့် အထက် ပါအတိုင်း သူ့အနေဖြင့် ခေါ်ယူပြောဆိုသည်ကို သိရှိပါကြောင်း လက်မှတ်ရေးထိုးခိုင်းပါသည်။
ကျွန်တော်တို့တောင်သူများအနေဖြင့် သိရှိပါသလားဟု လာမေးလျှင် သိရှိပါသည်ဟု ပြောဆိုပါမည်။ လက်မှတ်ထိုးမပေးနိုင်ပါ။ ဒေါ်ဆွေဆွေဦးပိုင်ဆိုင်ပြီးဖြစ်ကြောင်း တွင်တွင်ပြောဆိုနေသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် သူပိုင်ဆိုင်ကြောင်း မြင်တွေ့ရခြင်းလည်း မရှိပါသဖြင့် လက်မှတ်ထိုးမပေးနိုင်ခြင်း ဖြစ်ပါသည်။
အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ၎င်းတို့ကိုယ်တိုင် သစ်တောမြေဟု ပြောဆိုနေသော နေရာတွင် ပုဂ္ဂလိက ကုမ္ပဏီများကို ပိုင်ဆိုင်ခွင့်ချပေးထားလျှက် ရှိပါသည်။ ထိုနည်းတူ ကျွန်တော်တို့တောင်သူများက ပိုင်ဆိုင်ခွင့်လျှောက်ထားလိုပါသည်ဟု မေးမြန်းပြောဆိုသောအခါ သစ်တောမြေဖြစ်သဖြင့် လျှောက်ထားခွင့် မပြုဟု ဆိုပါသည်။
အထက်ပါအခြေအနေများအရ နိုင်ငံသားချင်းတူပါလျှက် နိုင်ငံသားအခွင့်အရေးများမှာ တန်းတူညီမျှမှု မရှိကြောင်း ဖော်ပြနေပါသည်။ ကျွန်တော်တို့ကိုယ်တိုင် ရင်ဆိုင်နေရသော ပုဂ္ဂိုလ်မှာ နိုင်ငံတော်အကြီး အကဲ တစ်ဦးဖြစ်နေပြီး ထိုပုဂ္ဂိုလ်အတွက်သာ ဆောင်ရွက်နေကြပြီး ကျွန်တော်တို့တောင်သူများဘက်ကိုမူ ငဲ့ညှာ ထောက်ထားခြင်း မရှိဟု ယူဆရပါသည်။
ပြေလည်အောင် ဖြေရှင်းညှိနှိုင်းရန် နည်းလမ်းအသွယ်သွယ်ကို လူကြီးမင်းများက ပိုမိုသိရှိနားလည် ပါလိမ့်မည်။ မလိမ့်တပတ် ဖြေရှင်းမှုမျိုးကို ကျွန်တော်တို့ တောင်သူများအနေဖြင့် လက်မခံနိုင်ပါ။ ယနေ့အချိန် ထိ ဖြေရှင်းဆောင်ရွက်မှုများတွင် ကာယကံရှင် ဒေါ်ဆွေဆွေဦးကိုယ်တိုင် တခါမျှ လာရောက်ပြောဆိုခြင်း လည်းမဟုတ်ပါ။
ကျွန်တော်တို့ တောင်သူများပြန်လည် ဝင်ရောက်လုပ်ကိုင်နေခြင်းသည် လယ်ယာမြေကိုသာ အစဉ်အဆက် လုပ်ကိုင်စားသောက်ခွင့် ရရှိရေး ပြန်လည် ၀င်ရောက်လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။ မဖြစ်သာ သည့်အဆုံးမှ တန်ရာတန်ကြေးကို လက်ခံမည်ဖြစ်ပါသည်။ ထိုသို့ ညှိနှိုင်းဖြေရှင်းမှုများ မပြီးဆုံးသေးသ၍ ဒေါ်ဆွေဆွေဦးဘက်မှ ခြံစည်းရိုးကျောက်တိုင် စိုက်ခြင်း ၊ သွပ်စူးကြိုးကာရံခြင်း လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရန် မသင့်ပါ။ ကျွန်တော်တို့ တောင်သူများအနေဖြင့် ထိုသို့လုပ်ကိုင်လာလျှင် ထိပ်တိုက် တားဆီး သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲများ ၊ နိုင်ငံရေးရာ တာဝန်ရှိသူများအား ကျွန်တော်တို့တောင်သူ များအရေး ကူညီဆောင်ရွက်ပေးနိုင်ရေး ထပ်မံတင်ပြတိုင်ကြားခြင်း ဖြစ်ပါသည်။
မှတ်ချက် ။ ။ (ဓာတ်ပုံမှတ်တမ်းများ ပူးတွဲတင်ပြပါသည်။)

လေးစားစွာဖြင့်
မိတ္တူကို
- ဒေါ်အောင်ဆန်းစုကြည် ၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ။
- ဦးမြင့်လှိုင် ၊ ပြည်ထောင်စု ၀န်ကြီး ၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန။
- ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင် ၊ ပြည်ထောင်စုဝန်ကြီး ၊ ကာကွယ်ရေး ၀န်ကြီးဌာန။
- ဦးနေမျိုးဝေ ၊ ဥက္ကဌ ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ။
- မြေယာစီမံခန့်ခွဲရေး ကော်မတီ ၊ နေပြည်တော် ကောင်စီ။
- ဦးတင်ထွဋ် ၊ ဥက္ကဌ ၊ မြေယာသိမ်းဆည်းခံရမှုများ စုံစမ်းရေး ကော်မတီ။
- ဦးဝေလွင်ဖြိုး ၊ အထွေထွေအုပ်ချုပ်ရေးမှူး ၊ ဒက္ခိဏသီရိမြို့နယ် ၊ နေပြည်တော်။
- ဦးဝင်းဌေး ၊ အထွေထွေအုပ်ချုပ်ရေးမှူး ၊ ဂူနှစ်လုံးဆည်စုကျေးရွာ အုပ်စု ၊ ဒက္ခိဏသီရိမြို့နယ်။
- ဦးမြင့်ဝေ ၊ အရာခံဗိုလ် ၊ ဒေါ်ဆွေဆွေဦး၏ အဆောင့်တဲတွင် နေထိုင်သူ။



သတင်းရင်းမြစ်
နောင်တော်လေး ( ပြည်သူ့ဟစ်တိုင်)

No comments:

Post a Comment