Tuesday, August 14, 2012

မြန်မာ့ခရိုနီ အဓိပ္ပါယ် အားဆောင်းပါရှင် ကိုဧည့်သည် မှ သုံးသပ်ခံစားခြင်း

မြန်မာ့ခရိုနီ အဓိပ္ပါယ် အားဆောင်းပါရှင် ကိုဧည့်သည် မှ သုံးသပ်ခံစားခြင်း

 လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဒေါက်တာဦးခင်ရွှေသည် (Crony)ဟူသော  အင်္ဂလိပ်စကားလုံး၏ အဓိပ္ပါယ်အမှန်ကို လွှတ်တော်တွင် ရှင်းလင်းပြောဆိုတင်ပြခဲ့ပါသည်။ ဂျာနယ်လစ်များနှင့် ပြည်သူလူထုတစ်ရပ်လုံးသည် Crony  ၏ အဓိပ္ပါယ်ကို နားလည်မှုလွဲမှား စွာ သုံးစွဲနေကြသည့်အတွက် ဒေါက်တာဦးခင်ရွှေက လွှတ်တော်တွင် ယခုကဲ့သို့ ရှင်းလင်းတင်ပြ ရခြင်းဖြစ်ပါသည်။
ခရိုနီ(Crony )ဆိုသည်မှာ အပေါင်းအသင်းဖြစ်ပါသည်။ နိုင်ငံတော်၏ အကျိုးစီးပွားများ ကို ကာကွယ်ထိမ်းသိမ်းစောက်ရှောက်နေသော နိုင်ငံတော်နှင့် တသားတည်းရှိသည့် နိုင်ငံတော် ၏ အပေါင်းအသင်းဖြစ်ကြောင်း ဒေါက်တာဦးခင်ရွှေ၏ လွှတ်တော်အတွင်း တင်ပြဆွေးနွေးချက် ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ (၂)ရက်နေ့ထုတ် Hot News Journal  တွင် ဖော်ပြပါရှိပါသည်။
နားလည်မူလွှဲမှားနေသည့် ပြည်သူလူထုအမှားကို ထောက်ပြပြုပြင်နိုင်စွမ်းရှိသော အမှန် တရားကို ချစ်မြတ်နိုးသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လွှတ်တော်အတွင်းတွင် ရှိနေသည့် အတွက်လည်း ပြည်သူတစ်ရပ်လုံး ကိုယ်စား ဂုဏ်ယူမဆုံး ဖြစ်ရပါသည်။
ပြည်သူ့အကျိုးကိုသာ ဆောင်ရွက်နေသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် အပြင် နိုင်ငံတော်နှင့် တသားတည်းရှိ၍ နိုင်ငံအကျိုးကိုသာ ဦးလည်မသုန် ထမ်းရွက်နေသည့် နိုင်ငံတော်၏ အပေါင်းအသင်းကောင်း ခရိုနီတစ်ဦး ဖြစ်နေသောကြောင့် ဦးခင်ရွှေသည် ပြည်သူ လူထုထက် အသိပညာဉဏ် အလိမ္မာ ပိုမိုထက်မြတ်မည်ဖြစ်ကြောင်း ရိုးသားစွာ ယုံကြည် မိပါသည်။
အဆိုပါ ခရိုနီ၏ အဓိပ္ပါယ်ကို အပျက်သဘောဆောင်သော အသုံးအနှုံးအဖြစ် အသုံးပြု မည့်အစား အပြုသဘောဆောင်သည့် အဓိပ္ပါယ်ဖြစ်သော နိုင်ငံတော်၏ အကျိုးစီးပွားကို စောင့် ရှောက်သည့် နိုင်ငံတော်နှင့် တသားတည်းရှိသော အပေါင်းအသင်းအဖြစ် ဒေါက်တာ ဦးခင်ရွှေ လွှတ်တော်တွင် တင်ပြသည့် အဓိပ်္ပါယ်အတိုင်း သုံးစွဲကြပါရန် ဂျာနယ်လစ်များ၊ စာနယ်ဇင်း လုပ်ငန်းလုပ်ကိုင်သူများနှင့် ပြည်သူလူထုတစ်ရပ်လုံးကို တိုက်တွန်းအပ်ပါသည်။ ( ဦးခင်ရွှေခင်ဗျာ  ကျနော်ကို သင့်တော်သောလုပ်ငန်းတစ်ခုခု construction ဖြစ်ဖြစ် Tourism ဖြစ်ဖြစ် ချထားလုပ်ကိုင်ခွင့်ပေးလျှင် မသင့်တော်ပါလားခင်ဗျာ)
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၊ စာမျက်နှာ (၁၂) ၊အခန်း(၁) ၊ပုဒ်မ (၄၇)တွင် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်ဆိုသည်မှာ ဥပဒေပြုမူအခွင့်အာဏာကိုသော်လည်းကောင်း အုပ်ချုပ်မူအခွင့် အာဏာကိုသော်လည်းကောင်း ကျင့်သုံးနေသော် အဖွဲ့အစည်း လူပုဂ္ဂိုလ်ကို ဆိုလိုသည်ဟု ဖော်ပြပါရှိပါသည်။
ဂျာနယ်လစ်များ စာနယ်ဇင်း သမားများနှင့် ပြည်သူလူထုတစ်ရပ်လုံးသည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင်သော နိုင်ငံတော်နှင့် တသားတည်း ရှိသည့် ခရိုနီများကို ပြစ်တင် စော်ကား၊ ရှုတ်ချ၊ အသရေဖျက်၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင် မပြုလုပ်ကြရန်၊ ထိုကဲ့သို့ ပြုလုပ်ပါ လျှင် နိုင်ငံတော်ကို ပြစ်တင်၊ စော်ကား၊ ရှုတ်ချ၊ အသရေဖျက်၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြု မူခြင်း ဖြစ်ပါသောကြောင့် ကြီးလေးသော အပြစ်ဒဏ် ခံရမည်ဖြစ်ပါသဖြင့် ဆင်ဆင်ခြင်ခြင် ပြောဆို ပြုမူကြရန် မေတ္တာရပ်ခံလိုက်ပါသည်။
ပြည်သူလူထုနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ လေ့လာနိုင်ရန် ထုတ်ဝေခဲ့ပြီးသော Oxford Advenced Learner’s Dictionnary  မှ အဓိပ္ပါယ်ဖွင့် ဆိုချက် ကို တင်ပြလိုက်ရပါသည်။
Crony/noun (often disapproving ) a person that spends a lot of time with : He is playing card with his cornies. cronysim/noun (disapproving) the situation in which people in power give jobs in their friends. disapproving / to think that sth/sb is not good or suitable Oxford Advanced Learner’s Dictionary တွင်ဖွင့်ဆိုထားသော Crony ၏အဓိပ္ပါယ်ရှင်းလင်းချက်ကို မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စား
လှယ်တစ်ဦးဖြစ်သည့် ဒေါက်တာခင်ရွှေ လွှတ်တော်တွင်တင်ပြသောအဓိပ္ပါယ်နှင့်လျော်ညီစွာပြင်ဆင်ပေးနိုင်ပါရန် အောက်စဖိုဒ့် တက္ကသိုလ် နှင့် အဘိဓါန်ပြုစုရေး ကော်မတီသို့ တင်ပြပါသည်။ ထုတ်ဝေခဲ့ပြီးသော စာအုပ်များတွင် ပြင်ဆင်ရန် ခက်ခဲပါက နောက်ဆုံးထုတ်ဝေမည်ဖြစ်သော Latest Edition တွင် ပြင်ဆင်ပေးပါရန် ထပ်လောင်းတင်ပြပါသည်။အကယ်၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးသော software များရှိခဲ့လျှင် လည်းအဆိုပါ software ပညာရှင် အနေဖြင့် ခရိုနီ၏ အဓိပ္ပာယ်မြန်မာဘာသာပြန်ဆိုချက်ကို “နိုင်ငံတော်၏အကျိုးစီးပွားကို ဆောင်ရွက်သည့် နိုင်ငံတော် နှင့် တသားတည်းရှိသောနိုင်ငံတော်၏ အပေါင်းအသင်း´´ဟုပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည်။ ၎င်းအပြင် ခရိုနီများကိုကာကွယ်စောင့်ရှောက်သည့် ဥပဒေများ ပြဌာန်းနိုင်ရန် နှင့် ခရိုနီများပါဝင်သည့် အသင်းအဖွဲ့များတည်ထောင်နိုင်ရေးအတွက် ဥပဒေပြုနိုင်ရန် အလို့ဌာဒေါ်အောင်ဆန်းစုကြည် နှင့် တကွ လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ အဆိုတင်သွင်းခြင်း ၊ အတည်ပြုပေးခြင်းတို့ကိုဆောင်ရွက်နိုင်ကြပါရန်တင်ပြပါသည်။Institution များခိုင်မာသန်စွမ်းအောင် တည်ထောင်ခြင်းသည် နိုင်ငံတော်တည်ဆောက်ရေး(State Building) ပင်မဟုတ်ပါလော။ ထို့ကြောင့် Crony Institution မျာတောင့်တင်း ခိုင်မာသန်စွမ်းအားကောင်းလျှင်ကား ပြည်သူလူထု တရပ်လုံးသည် လည်း……...........................….ဖြစ်ပါတော့သည်။ ကိုဧည့်သည်

မှတ်ချက်
ဒေါက်တာ ဦးခင်ရွှေသည် ကျွန်ုထံ မည်သည့်လုပ်ငန်းကိုမျှ ချထားလုပ်ကိုင်စေခြင်းမရှိသေးပါ ။ ဦးခင်ရွှေထံမှ လုပ်ငန်းတစ်စုံတစ်ရာကိုချထားပေးခြင်းရှိခဲ့ပြီးဖြစ်ခဲ့ပါလျှင် ဒေါက်တာ ဦးခင်ရွှေ နှင့်တကွ ခရိုနီများအားလုံးကို တိုက်ခိုက် ရှုတ်ချ အသရေဖျက်နေသော ဦးနေမျိုးဝေ(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ) နှင့်တကွ တိုက်ခိုက်၊ပြစ်တင် ဝေဖန် အသရေဖျက်နေသော မည်သူ့  ကိုမဆို နိုင်ငံတော် ကို ဝေဖန် ရှုတ်ချ အသရေဖျက် သည့် ဥပဒေ ပုဒ်မ ဖြင်ကျွန်ုပ် မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါသည်။

1 comment: