Wednesday, September 25, 2013

ဘိုးတော် သီပေါရှင်ဘုရင်၏ မြေးတော်

ကြီးတော်ကြီးတုတု။


ကြီးတော်ကြီးတုတုသည် ဘိုးတော် သီပေါရှင်ဘုရင်နှင့် ဘွားတော် စုဖုရားလတ်တို့၏ မြေးဦးဖြစ်သည်။ ပဌမသမီးတော် (ထိပ်စုမြတ်ဖုရားကြီး)နှင့် အိန္ဒိယနိုင်ငံသား နန်းတော်
တံခါးစောင့် ရှ၇ိမန်ဂိုပါဘောရိုဆာဝန် (Shrimant Gopal Bhaurao Servant) တို့၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး  ၁၉၀၇ ခုနှစ်တွင် ဖွားမြင်ပါသည်။



အဖိုး(သီပေါရှင်ဘုရင်)နှင့်အဖွား(စုဖုရားလတ်)တို့၏အချစ်ဆုံးနှင့် အလိုလိုက်ခံထားရသော နန်းတော် ရှိဆွေတော်မျိုးတော် မိသားစု အားလုံး၏ အရေးပေးခြင်း မြှောက်စားခြင်း ခံရသည့်  အသည်းကြော်မလေးဖြစ်၏။ 
ကြီးတော် ကြီးတုတုသည် ငယ်ရွယ်နုပျိုစဉ်အခါက အပျော် ရွှင်ရဆုံး စိတ်ချမ်းသာရဆုံး အချိန်များကို ပိုင်ဆိုင်ခဲ့ရလေသည်။

၁၉၁၆-ခုနှစ် ဘိုးတော်သီပေါဘုရင် နတ်ရွာစံသော အချိန်တွင်  ကြီးတော်ကြီး တုတုမှာ ကိုးနှစ်သမီး အရွယ် သာရှိသေး၍ သူ့ဘ၀ အလှည့်အပြောင်း ဖြစ်လာတော့မည်ကို သူမကိုယ်တိုင် ရိပ်မိခြင်းငှာ မစွမ်းသာပါချေ။

၁၉၁၉- ခုနှစ် ဘွားတော်စုဖုရားလတ် သည်  ရတနာဂီရိမှ မြန်မာပြည်သို့ အပြီးတိုင်ပြန်လာသောအချိန်တွင် ကြီးတော်ကြီးတုတုမှာ (၁၂) နှစ်သမီး အရွယ်ဖြစ်၏။


ဒေါ်တုတုသည် မိခင် ထိပ်စုမြတ်ဖုရားကြီးနှင့် အတူ မြန်မာပြည်တွင် ပဌမဦးဆုံးအကြိမ် အ ခြေချနေထိုင်ပါသည်။ သို့သော်ကြာကြာမှ မနေလိုက်ရပဲ မိခင်ကြီး ရတနာ
ဂီရိသို့ ပြန်လိုသောကြောင့် ချစ်လှစွာသော အဖွားကို ထားခဲ့ရပြီး မိခင်နှင့် အတူပြန်လိုက်သွားရလေသည်


ယင်းနောက်(၂၈)နှစ်အကြာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး(၁၉၄၇)ရပြီးတွင် ဖခင်ဖြစ်သူသေဆုံး သွား၍ မိခင်ကြီးနှင့်အတူ အသက်(၄၀) အရွယ်တွင် ဒုတိယ အကြိမ် မြန်မာပြည်သို့ပြန်လည်ရောက်လာ ရပြန်ပါ သည်။

အားကိုးရာမရှိ၊ ခိုကိုးရာမဲ့ ဖြစ်လာသော ကြီးတော်ကြီး တုတုတို့ သားအမိသည် ဆွေမျိုးများ၏အထင်သေးခြင်း၊ ဂရုမစိုက်ခြင်း ယခင်ကကဲ့သို့နွေးထွေးစွာ ပြောဆို ဆက်ဆံခံရခြင်းမရှိ ကြသဖြင့် စိတ်မကောင်းခြင်းကြီးစွာနှင့် ရတနာဂီရိသို့အပြီးတိုင် ပြန်သွားကြလေတော့၏။

မိခင်ကြီး သေဆုံး သွားသောအခါ ကျန်ရစ်သော ရုပ်ကလာပ်ကို ဘိုးတော်သီပေါဘုရင်၏ အုတ်ဂူဘေးတွင် ဂူသွင်းထားလိုက် လေသည်။

ကြီးတော်ကြီးတုတုသည် မိခင်လည်းဆုံးပါးသွားပြီးနောက် အားကိုးအားထားစရာ ဆွေမျိုး လည်းမရှိတော့ချေ။  ငွေကြေးမပြည့်စုံသည့်အပြင် ပညာတတ် သူတစ်ဦး မဟုတ်ရကား တစ်ယောက်တည်း အထီ်းကျန်ဘ၀ဖြင့် သတင်းစာ၊ ပန်းနှင့် သစ်သီးများ ရောင်းခြင်းဖြင့် အသက် မွေးမြူ ခဲ့ရပါသည်။

မရထီ(Marathi)စ ကားပြောတတ်သဖြင့် တရပ်ထဲနေ အပ်ချုပ်သမားနှင့် လက်ထပ်ပြီး သားသမီး (၅-၆)ယောက် မွေးဖွားခဲ့လေသည်။ အားလုံးမှာ ဟိန္ဒူဘာသာဝင် များဖြစ်သွားကြလေသည်။

၁၉၉၃-ခုနှစ်တွင် မြန်မာအစိုးရ၏ ခွင်ပြုချက်ဖြင့် မြေးတော်များဖြစ်သည့်
၁။ ထိပ်စုဖုရားကြီး(သက်ရှိထင်ရှား၊ ရန်ကုန်တွင် သမီး ဒေ၀ီခင်နှင့် အတူနေ)
၂။တော်ဘုရား(မေမြို့တွင်သက်ရှိထင်ရှားရှိ)
၃။တော်ဘုရားငယ်(မော်လမြိုင် ဖားအောက်တွင် ရဟန်းဝတ်ဖြင့် ပျံလွန်တော်မူသည်။)
၎။တော်ဘုရားကလေး(ခ) ဦးအောင်ဇေ (ကွယ်လွန်၊ ဒေါ်ဒေ၀ီသန်ဇင်၏ဖခင်)
၅။ထိပ်စုဖုရားထွေး(ကွယ်လွန်)
၆။မဟာစန္ဒကုမာရ(ခ)ဦးစိုးဝင်း (တော်ဘုရားကြီး၏ သား၊ ငယ်နာမည်မှာချန်ဒရာ)
၇။တော်ဘုရားမြတ်ကြီး(တော်ဘုရား၏သား)
အစရှိသော ဆွေတော်မျိုးတော်များသည် ရတနာဂီ၇ိသို့ သရဏဂုံတင် သွားရောက်ကြရ ပါသည်။

စံအိမ်တော်မှအပြန် ဆင်းရဲသား ရပ်ကွက်ထဲမှ တုတုဆီကို မေမေ(ထိပ်စုဖုရားကြီး)တို့ သွားကြ ပါသည်။ အသက် (၉၀)နီးပါး ဆင်းရဲ နွမ်းပါးနေသော အဘွားကြီး တစ်ယောက်ကို မေမေ တွေ့လိုက်ပါသည်။ တွေ့လျင်တွေ့ချင်း  မေမေသည် အမတော်တုတုဖြစ်ကြောင်း ချက်ခြင်း သိလိုက်ရပါသည်။ဒေါ် တုတုကိုမြင်တွေ့လိုက်သော အချိန်တွင်  မေမေသည် ကိုယ်ကိုယ်ကို ပြန်လည် တွေ့မြင်ရသကဲ့သို့ ခံစားမိကြောင်း ပြန်လည် ပြောပြသဖြင့် သိခဲ့ရပါသည် ။ မေမေနှင့် ဆွေတော်မျိုးတော်တို့အားလုံးသည်  ဖိနပ်မပါ ပညာမတတ် မြန်မာစကား ကောင်းကောင့်း မပြောနိုင်တော့သော ဘုရင့်သွေးသားဖြစ်သည့်  စံအိမ်တော်မှာမွေးခဲ့သည့်  အမတော်ဖုရား တုတုကို စကားပင် မပြောနိုင်ကြပဲ သနားပြီး မျက်ရည်များဖြိုင်ဖြိုင်ကျကာ ရင်နင့်အောင်ခံစားခဲ့ ကြကြောင်း မိခင်ဖြစ်သူမှ  ပြန်ပြောသဖြင့် သိခဲ့ရပါသည်။

ကြီးတော်ကြီးတုတု
၂၀၀၁-ခုနှစ်တွင် သေဆုံးသွားကြောင်းကြား သိကြရပါသည် ။သေဆုံးခါနီး မှာ စံအိမ်တော်မှာမွေး စံအိမ်တော်မှာကြီးပြင်းခဲ့ရသူ ဖြစ်သည့်အတွက်  စံအိမ်တော်မှာ တစ်ညတာ အိပ်စက်ခွင့်ကို သူနောက်ဆုံး ဆန္ဒ အဖြစ် သက်ဆိုင်ရာကို ခွင့်တောင်းပါ
သည်။ အိပ်ခွင့်မရခဲ့ပါ။ ထိုကြောင့်  ကြီးတော်ကြီးဟာ စိတ်မချမ်းမသာနဲ့ သေဆုံးသွားခဲ့ရပါသည်။

(စာရေးသူသည် စတုတ္ထသမီးတော်၏ မြေးဖြစ်၍ကြီးတော်တုတုသည် စာရေးသူ၏  ကြီးတော် တော်စပ်ပါသည်။)

သမိုင်းကြောင်းကို မိတ်ဆွေ သူငယ်ချင်းများကို သိစေလိုသောကြောင့်မေတ္တာ စေတနာနှင့် ရေးသားခြင်းသာ ဖြစ်ပါသည်။ ဆွေမျိုးဆိုသည်မှာ မခေါ်ချင်လျှင်သာ ရမည်ဖြစ်ပါသည်။  မတော်ချင်၍ ရမည်မထင်ပါ။

ဤစာဖတ်ကို မေတ္တာရှေ့ထားကိုယ်ချင်းစာတရားထား၍ ဖတ်စေချင်ပါသည်။ ကြီးတော်ကြီးတုတုဘ၀မှာ ကံအကျိုးပေးမကောင်း၍ ငယ်ရွယ်စဉ်မှာ ချမ်းချမ်းသာသာ နေခဲံ့ရသော်လည်းဘ၀တစ်လျှောက်လုံး ဆင်းရဲဒုက္ခများစွာနှင့် နေထိုင်ခဲ့ ရပြီး ဘ၀ဇတ်သိမ်း မလှခဲ့သူဖြစ်ပါသည်။

လူတစ်ယောက်၏ သူ့ကံကြမ္မာသည် ဆန်းကြယ်လှပါပေသည်။ အခြေအနေ အချိန်အခါ ကိုကြည့်ပြီး နားလည် ခွင့်လွှတ်စိတ် မွေးစေလိုပါသည် ။ ဒေါ်တုတု ပျိုရွယ်စဉ်ကာလများတွင် ရွယ်တူ မြန်မာ အမျိုးသားက အနီးအနားမရှိ၊ တစ်နေ့တစ်နေ့ ဒီကုလားနဲ့တွေ့ ဒီကုလားနဲ့စကားပြောပြီး သဘာဝအလျှောက် ချစ်ကြိုက် သွားကြတာဖြစ်ပါသည်။

ကိုယ့်အမျိုး အကြောင်း မကောင်း ပြောလျှင် ကြိုက်မည့်သူ  တစ်ဦးတစ်ယောက်မျှ ရှိမည်မထင်ပါ။ မကြိုက်သော်လည်း မကောင်းပြောလာသော Comment များကိုလည်းပြန်လည် ဖြေရှင်းမည်မဟုတ်ပါ။ ကိုယ်ရေးလိုက်သော စာကြောင့် အများသူငါ အကုသိုလ် မဖြစ်စေလိုပါ။

စေတနာ မေတ္တာဖြင့် ဒေ၀ီခင်။
(၂၅-၉-၁၃)

No comments:

Post a Comment